Popular Post

Posted by : Unknown Saturday, November 16, 2013

မင်းကြောင့် ဆုံးရှုံးရတယ်ဆိုပြီး ဝိုင်းဝန်းပြစ်တင်ခံရတဲ့အခါ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မယ်ဆိုလျှင်…
မင်းကို အားလုံးက သံသယရှိနေတဲ့အခါ
သူတို့ရဲ့သံသယကို နားလည်မှုပေးရင်း မိမိကိုယ်ကို ယုံကြည်စိတ်ချမှု ရှိနေမယ်ဆိုလျှင်…
စောင့်နေရတာကို စိတ်ပျက်ငြီးငွေ့ခြင်းမရှိဘဲ မမောမပန်း စောင့်နိုင်မယ်ဆိုလျှင်…
မုသားစကားအပြောခံရတဲ့အခါ မင်းကပြန်ပြီး မုသားစကား မပြောဘူးဆိုလျှင်…
အမုန်းခံရတဲ့အခါ မင်းက ပြန်ပြီးမမုန်းဘူးဆိုလျှင်…
ငါသိငါတတ်ဆိုပြီး ဟန်ဆောင်ပန်ဆောင်နဲ့ ပညာစကားတွေ သိပ်မပြောဘူးဆိုလျှင်…
စိတ်ကူးအိပ်မက်တွေက မင်းကို လွှမ်းမိုးခွင့်မပြုဘဲ စိတ်ကူးနိုင်မယ်ဆိုလျှင်…
အတွေးအခေါ်တွေနဲ့ မင်းရဲ့ရည်ရွယ်ချက်ကို မပြုလုပ်ဘဲ တွေးခေါ်နိုင်မယ်ဆိုလျှင်…
အောင်မြင်မှုနဲ့ ဆုံးရှုံးမှု ရင်ဆိုင်ရတဲ့အခါ
ညီတူညီမျှ သဘောထားပြီး ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုလျှင်…
မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညစ်တွေက
ဥာဏ်နည်းတဲ့လူတွေအတွက်
လှည့်စားပြောင်းလဲပြီး ထောင်ခြောက်ဆင်ညစ်တာကို ကြားရတဲ့အခါ သည်းခံနိုင်မယ်ဆိုလျှင်
 မင်းဘဝတစ်ခုလုံးပေးပြီး ဖြည့်ဆည်းခဲ့တဲ့အရာအားလုံး ဖျက်ဆီးခံရတာကို စောင့်ကြည့်ပြီး
အဲဒီအပျက်အစီးတွေနဲ့ပဲ ပြန်လည် တည်ဆောက်နိုင်မယ်ဆိုလျှင်…
မင်းရဲ့အောင်မြင်မှုအားလုံးစုပုံချပြီး
ကြွေတစ်လှည့်ကြက်တစ်ခုန်ပမာ စွန့်စားနိုင်မယ်ဆိုလျှင်..
ဆုံးရှုံးမှုနဲ့ရင်ဆိုင်ရတဲ့အခါ အစကပြန်ပြီး စတင်နိုင်မယ်ဆိုလျှင်…
ဆုံးရှုံးမှုနဲ့ပတ်သက်ပြီး ဘယ်တော့မှ ညည်းညူစကား တစ်ခွန်းမှမပြောဘူးဆိုလျှင်…
အများတကာပြီးလို့ အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ 
အားနဲ့မာန်နဲ့ဇွဲသတ္တိရှိရှိ ဆောင်ရွက်နိုင်မယ်ဆိုလျှင်…. 
စိတ်ဆန္ဒက “ဆက်လက်ဆုပ်ကိုင်ထားပါ”လို့ပြောတာကလွှဲလို့
မင်းဆီမှာ ဘာမှမရှိတဲ့အခါ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုလျှင်…
လူထုနဲ့စကားပြောဆိုရတဲ့အခါ မင်းရဲ့ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုလျှင်..
မင်းဧကရာဇ်နဲ့လမ်းလျှောက်ရတဲ့အခါ မာန်သွေးမကြွ့ဘဲ လျှောက်လမ်းနိုင်မယ်ဆိုလျှင်…
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကို ဒဏ်ရာအနာတရဖြစ်အောင် မလုပ်နိုင်ဘူးဆိုလျှင်…
အားလုံးဟာ မင်းအတွက်အရေးပါပေမဲ့ ဘယ်သူ့ကိုမှ အရေးမထားဘူးဆိုလျှင်
တိုတောင်းလှတဲ့တစ်မိနစ် စက္ကန့်ခြောက်ဆယ်အတွင်းမှာ
ထိထိရောက်ရောက် အသုံးချနိုင်မယ်ဆိုလျှင်…
သားရေ…အရာရာရှိ၊အရာရာဖြစ်နေတဲ့ ကမ္ဘာကြီးဟာ မင်းရဲ့ကမ္ဘာကြီးဖြစ်လာမှာပါ
ဒါဆိုရင် မင်းဟာလည်း ယောက်ျားကောင်းတစ်ယောက်ပေါ့ ။
 
credit:နေလင်းအောင် ဘာသာပြန်ဆိုသည်။
           www.naylinaung1.blogspot.com

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -