- Back to Home »
- ရသ »
- ချစ်သူ့အတွက် ဆိုလျှင်
Posted by : Unknown
Saturday, November 16, 2013
(English for All Magazine,November, 2013)
အမျိုးသမီးတစ်ဦးဟာ
နှစ်နှစ်ကာကာ ချစ်နေရတဲ့ ချစ်သူနဲ့ မတွေ့ဆုံရတာ အချိန်အတော်ကြာခဲ့ပြီမို့ အလွန်အမင်း
လွမ်းဆွတ်နေရပါတယ်။ သူမမှာ ချစ်ခင်ရတဲ့ ဆရာမတစ်ဦးလည်းရှိပြီး၊ ဆရာမနဲ့ နောက်တစ်ကြိမ်တွေ့ဆုံကာ
သင်ခန်းစာအသစ် ပို့ချပေးမဲ့ အချိန်ကို စောင့်မျှော်နေမိပါတယ်။
ဆရာမနဲ့ တွေ့ဆုံရမည့်နေ့
ရောက်တဲ့အခါ ပျော်စရာတစ်ခုခု တွေ့ဆုံရဖို့
မျှော်လင့်လျှက် သူမဟာ ဆရာမဆီသွားပြီး စိတ်အားထက်သန်စွာ နှုတ်ဆက်စကား ပြောဆိုလိုက်တယ်။
ဆရာမက သူမကို ကြိုဆိုပြီး လတ်ဆတ်မှည့်ဝင်းနေတဲ့ စတော်ဘယ်ရီသီး ခြင်းတစ်ခြင်းကို ပေးကမ်းလိုက်ပါတယ်။
အဲဒီနောက် ဆရာမက “ဟိုတောင်ကြီး တွေ့မြင်ရလား”လို့ မေးလိုက်ပါတယ်။
အမျိုးသမီးလေးက အနီးအနားမှာ
တောင်ကြီးတစ်တောင်ကို တွေ့တော့ တွေ့မြင်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဆရာမက “ဒီစတော်ဘယ်ရီသီး
ခြင်းတောင်းကို ယူပြီး အဲဒီတောင်ပေါ် တက်သွားပါ”
လို့ပြောဆိုပြီး ထွက်ခွာသွားပါတယ်။
အမျိုးသမီးလေးက ဆရာမရဲ့စကားကို
မကန့်ကွက်ရဲသလို စောဒကလည်း မတက်ရဲပါဘူး။ ဆရာမကလည်း ထွက်သွားခဲ့ပြီပဲလေ။ သူမဟာ စိတ်မပါတပါဖြင့်
ခြင်းတောင်းကို မယူပြီး တောင်အမြင့်ကြီးဆီ စတင်လျှောက်လှမ်းပါတော့တယ်။ သူမဟာ ခက်ခဲကြမ်းတမ်းတဲ့
လမ်းလေးအတိုင်း ဖြေးဖြေးမှန်မှန်တက်ရင်း “ ဒီတာဝန်က ဘာအကြောင်းအရာလဲ။ သူမ ဘာဖြစ်လို့
ဒါကို လုပ်ကိုင်နေရတာလဲ။ သင်ခန်းစာက ဘာလဲ။ ဆရာမ အသင်များ မှားသွားသလား” စသည်ဖြင့် တွေးလိုက်မိပါတယ်။
သူမဟာ မကြာခဏ ခလုတ်တိုက်လဲမိပြီး၊ ကျောပေါ်က နေကလည်း ပူလောင်လွန်းတယ်လို့ ညည်းတွားရင်း
စတော်ဘယ်ရီခြင်းဟာ ပိုပြီးလေးလံလာတယ်လို့ ခံစားမိလိုက်ပါတယ်။ သူမရဲ့ ရုန်းကန်လှုပ်ရှားမှုကို
ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းအားပေးနိုင်မဲ့ အရာ တစ်ခုခုကို မတွေ့မြင်နိုင်ခဲ့ပါဘူး။
အနောက်ဘက်မှာ နေ၀င်ခါနီးတော့
သူမဟာ တောင်ထိပ်ထိ တက်ရောက်နိုင်ခဲ့ပြီး လှပတဲ့ ပန်းတွေနဲ့ ပြည့်နေတဲ့ ကွင်းပြင်ကြီးထဲ
ရောက်လာခဲ့ပါတယ်။ သူမ တောင်ပေါ်တက်ရောက်နိုင်ခဲ့ပြီပဲလေ။ ဒါ့အပြင် စတော်ဘယ်ရီခြင်းဟာလည်း
အထိအခိုက် အပျက်အစီး မရှိခဲ့ပါဘူး။ လက်ရာမြောက်အောင် ပြုလုပ်ထားတဲ့ သစ်သီးအားလုံးနဲ့
လမ်းခရီးကို ဘေးမသီ ရန်မခ ရောက်နိုင်ခဲ့ပါတယ်။
အမျိုးသမီးလေးက ကွင်းပြင်ကြီးထဲ
လှမ်းကြည့်လိုက်တော့ သူမဆီ လျှောက်လှမ်းလာတဲ့ ချစ်သူကို တွေ့မြင်လိုက်ပါတယ်။ သူဟာ ချစ်ရည်ရွှမ်းသော
အကြည့်တွေ၊ နှစ်လိုဖွယ်ကောင်းသော အပြုံးတွေဖြင့်
သူမကို စိုက်ကြည့်နေခဲ့ပါတယ်။
ပုံပြင်ပြောသူက ပုံပြင်ကို
အဆုံးသတ်လိုက်ချိန်မှာ အမျိုးသမီးလေးရဲ့ အတွေးအချို့ကို ပြောပြရင်း ကျွန်တော်တို့ကို
သင်ကြားပြသပေးပါတယ်။ “ချစ်သူ့အတွက် စတော်ဘယ်ရီသီးတွေ သယ်ဆောင်သွားရတာလို့ ကြိုတင်ပြီး
သိခဲ့မယ်ဆိုရင်၊ ဒီခရီးလမ်းဟာ ချစ်သူ့ဆီသွားရာ ခရီးလမ်းပဲလို့ ကြိုတင်ပြီး သိခဲ့မယ်ဆိုရင်
ဇဝေဇ၀ါ ဖြစ်မိမှာ မဟုတ်သလို အလွန်းအမင်း အားအင်ကုန်ခမ်းပြီး ညည်းညူ မိမှာလည်း မဟုတ်ပါဘူး။
တက်ရောက်နေတဲ့ တောင်ရဲ့ အလှအပကိုလည်း သတိမပြုဘဲ နေမိမှာမဟုတ်ပါဘူး။”
credit :နေလင်းအောင်
www.naylinaung1.blogspot.com